Saturday, November 25, 2017

61. Horoscope, a Sky Map 17



ကောင်းကင်အမြင် ဇာတာခွင် ၁၇

၂၈။  လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ကောင်းကင်အမြင်ကြည့်ခြင်း။ 

မြန်မာနှင့် နက္ခတ္တဗေဒပညာ တို့အကျွမ်းဝင်ကြသည့် အကြောင်းတစ်ရပ်မှာ တောင်သူလယ်သမားများသည် နှစ်စဉ်ထုတ်ဝေ သော မဟာသင်္ကြန်စာ၏ လမ်းညွှန်မှုအရ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ကြသော  ကြောင့်  ဖြစ်သည်။ ကောင်းကင်နေသွား တို့အားဖြင့်စီစဉ်တွက်ထုတ်သည့် အဆိုပါရက်များကို မြန်မာနိုင် ငံဝေဒ သုတေသနအဖွဲ့မှထုတ်ဝေသော မင်္ဂလာအခါပေး ဗေဒင်ပြက္ခဒိန်တွင် အောက်ပါအတိုင်း ဖေါ်ပြထား ပါသည်။ အဆိုပါ ထူးခြားသော အချိန်အခါတို့ရှိ ကောင်းကင်မြင်ကွင်းများကို ဆရာမိုး၏၏ မြန်မာ့စဉ်လာ 
နက္ခတ်တာရာ အမြင်ကြည့် သင်ခန်းစာနှင့် နေပတ်ကြန္တီ ဇယားချုပ်တွင် ဖေါ်ပြထားချက်များအား ကိုးကား လျှက် စတယ်လာရီယံဖြင့် ဖေါ်ပြသွားပါမည်။

()
ဖျောက်ဆိပ်ကြယ်ပေါ်သောရက်
၃၀-၀၅-၂၀၁၇
အင်္ဂါနေ့
()
ကောက်ကြီးပျိုးကြဲရက်
၁၆-၀၇-၂၀၁၇
တနင်္ဂနွေနေ့
()
ဖျောက်ဆိပ်မွန်းတည့်ရက်
၀၁-၀၉-၂၀၁၇
သောကြာနေ့
()
တနင်္ဂနွေကန်ဆင်းရက်
၁၇-၀၉-၂၀၁၇
တနင်္ဂနွေနေ့
()
သရဝဏ်မွန်းတည့်ရက်
၁၇-၁၀-၂၀၁၇
အင်္ဂါနေ့
()
ကောက်ကြီးကောက်သားဝင်ရက်
၀၁-၁၁-၂၀၁၇
ဗုဒ္ဓဟူးနေ့
()
မုရင်းပျိုးကြဲရက်
၁၆-၁၁-၂၀၁၇
ကြာသပတေးနေ့
()
ဖျောက်ဆိပ်မြေလူးရက်
၀၁-၁၂-၂၀၁၇
သောကြာနေ့
()
နဂါးနေရောင်လွတ်ရက်
၁၄-၀၁-၂၀၁၈
တနင်္ဂနွေနေ့
(၁၀)
မုရင်းကောက်သားဝင်ရက်
(တစ်နည်း)
၂၉-၀၁-၂၀၁၈
၂၇-၀၂-၂၀၁၈
တနင်္လာနေ့
အင်္ဂါနေ့

(၁) ဖျောက်ဆိပ်ကြယ် ပေါ်သောရက် ၃၀-၀၅-၂၀၁၇ အင်္ဂါနေ့

ဖျောက်ဆိပ်ကြယ်သည် နေရောင်လွှမ်းအုပ်ခြင်းမှ လွတ်ကင်းပြီးလျှင် နံနက်လင်းအားကြီး အချိန်၌ အရှေ့မိုးကုတ်စက်ဝိုင်း အထက်သို့ ထွက်ပေါ်လာကြောင်း Fig. Sky-64 တွင် ပြထားသကဲ့သို့ စ၍မြင်ရသော အချိန်အခါ ဖြစ်သည်။ မြန်မာနိုင်ငံ တွင်မိုးစတင်ရွာတော့ မည်ဖြစ်၍ ကောက်ရင်အသီးအနှံ တို့စိုက်ပျိုးဖို့ အချိန်မီထွန်ယက်ထားရန် နှိုးဆော်ချက် ဖြစ်သည်။ ကောင်း ကင်အမြင် အားဖြင့် တနင်္ဂနွေဂြိုဟ်၏ တည်နေရာ နေသွားအံသာ ၄၅-ဒီဂရီသို့ ရောက်ရှိချိန် ဖြစ်သည်။


(၂) ကောက်ကြီးပျိုးကြဲရက် ၁၆-၀၇-၂၀၁၇ တနင်္ဂနွေနေ့

ကောက်ကြီးပျိုးကြဲ ရန်ရက်မှာ နေသည် မေထုန်ရာသီမှ ကရကဋ်ရာသီသို့ ကူးပြောင်းသည့် စူဠသင်္ကြန်အခါ (အံသာ ၉၀) ဖြစ်၍ ဥတုသုံးပါးတွင် နွေကုန်မိုးကူးတော့မည် ဟူသော သတိပေးချက်ဖြစ်သည်။

(၃) ဖျောက်ဆိပ်မွန်းတည့်ရက် ၀၁-၀၉-၂၀၁၇ သောကြာနေ့

ဤနေ့၌ ဖျောက်ဆိပ်နက္ခတ်သည် နေထွက်ချိန်တွင် Fig. Sky-65 ၌ပြထား သကဲ့သို့ ဦးခေါင်းအထက်တည့် တည့် မွန်းတည့်မျဉ်းသို့ ရောက်လာတည်ရှိ ကြောင်းတွေ့နိုင်၍ မြန်မာနိုင်ငံတွင် မိုးများစွာ ရွာတော့မည် ဟူသောညွှန်ပြချက် ဖြစ်သည်။ နေသွား အံသာအားဖြင့် ၁၃၅ သို့ရောက်ရှိချိန် ဖြစ်သည်။



(၄) တနင်္ဂနွေ ကန်ဆင်းရက် ၁၇-၀၉-၂၀၁၇ တနင်္ဂနွေနေ့

တနင်္ဂနွေ ကန်ဆင်းရက်တွင် နေသည်သိဟ်ရာသီအဆုံးမှ ကန်ရာသီအတွင်းသို့ သက်ဆင်းကူးပြောင်း သော စူဠသင်္ကြန်အခါ ဖြစ် သည်။ ဖျောက်ဆိပ်မွန်းတည့် ခဲ့သောရက်မှ ၁၅-ရက်အလွန်တွင် ဖြစ်လျှက် ထိုရက်အတွင်း မြန်မာနိုင်ငံ၌ မိုးများအသည်းအထန် ရွာသွန်းတတ်သောကြောင့် ကမ္ဘာမိုးဟု အဆိုရှိသည်။ အပင်ငယ် ပေါက်ခါစ၌ မိုးရေများခြင်း၏ နှိပ်စက်မှုအား မခံနိုင်သည့် နှမ်းများ ကို မိုးရေမှ လွတ်ကင်းစေရန် ဖျောက်ဆိပ်မွန်းတည့်ပြီး ရက်ပေါင်း ၂၀ ခန့်မှာဖြစ်စေ၊ သို့မဟုတ် ကန်ဆင်း၊ ကန်ပေါက်ကြီးမိုးရွာ၍ အပြီး မှာမှ ကြဲကြရန် သတိပေးခြင်း ဖြစ်သည်။

(၅) သရဝဏ်မွန်းတည့်ရက် ၁၇-၁၀-၂၀၁၇  အင်္ဂါနေ့

Fig. Sky-66 တွင် ပြထားသကဲ့သို့ နေဝင်ချိန်၌ ဦးခေါင်းထက်တွင် သရဝဏ် နက္ခတ် မွန်းတည့်မတ်သည်ကို မြင်ရသော အချိန် အခါဖြစ်၍ မိုးဥတုသည် မြန်မာနိုင်ငံ မြောက်ဖျားမှစတင်လျှက် တောင်ဖက်သို့ တစတစ ရုတ်သိမ်းစ ပြုတော့မည် ဖြစ်ခြင်းကြောင့် မိုးဖြင့်ပေါက်ရှင်ပြီး နှင်းတွင်ကြီးထွား တတ်သည့် ကိုင်းအသီးအနှံ များကို ကြဲကြ စိုက်ပျိုးကြရန် ညွှန်ပြသတိပေး ချိန်ဖြစ်သည်။ ဤ ရက်တွင် နေသည်ကန်ရာသီမှ တူရာသီသို့ ကူးပြောင်းသော စူဠသင်္ကြန်အခါ ဖြစ်သည့် အံသာ ၁၈၀ သို့ရောက်ရှိသည်။

(၆) ကောက်ကြီးကောက်သားဝင်ရက် ၀၁-၁၁-၂၀၁၇ ဗုဒ္ဓဟူးနေ့

နေသည် တူရာသီ အလယ်တည့်တည့် အံသာ ၁၉၅ သို့ ဆိုက်ရောက်သည့်အခါ ဖြစ်လျှက် ကောက်ကြီးစပါး ပင်များတွင် ကောက် သားဝင်ပြီ ဖြစ်ကြောင်းပြဆို ညွှန်ကြားခြင်း ဖြစ်သည်။



(၇) မုရင်းပျိုးကြဲရက် ၁၆-၁၁-၂၀၁၇ ကြာသပတေးနေ့

နေသည် တူရာသီအဆုံးမှ ဗြိစ္ဆာရာသီသို့ ကူးပြောင်းသည့် အံသာ ၂၁၀ သို့အရောက်၌ မိုးဥတုဆုံးသော ကြောင့် မုရင်းပျိုးကြဲရန် အချိန်သို့ ကျရောက်ပြီ ဖြစ်ကြောင်း ညွှန်ပြခြင်းဖြစ်သည်။

(၈) ဖျောက်ဆိပ်မြေလူးရက် ၀၁-၁၂-၂၀၁၇ သောကြာနေ့

အရှေ့အရပ်မှ နေထွက်ချိန်တွင် ဖျောက်ဆိပ်နက္ခတ်သည် Fig. Sky-67 တွင် ပြထားသကဲ့သို့ အနောက်မိုး ကုတ် စက်ဝိုင်းသို့ တပြိုင်နက်ထည်း  သက်ဆင်းဝင်ရောက် သည်ကိုတွေ့မြင် ရမည့်အချိန်ဖြစ်သည်။ နက္ခ တ္တဗေဒ သဘောအရ နေသည်ဗြိစ္ဆာရာ သီ၏ အလယ်တည့်တည့် အံသာ ၂၂၅ သို့ ဆိုက်ရောက်ချိန်ဟု သိရှိနိုင်သည်။


(၉) နဂါးနေရောင်လွတ်ရက် ၁၄-၀၁-၂၀၁၈ တနင်္ဂနွေနေ့

နေသည် ဓနုရာသီအဆုံးမှ မကာရရာသီအစသို့ ကူးပြောင်းသည့် စူဠသင်္ကြန်အခါ ဖြစ်သော ဤနေ့ဤရက်တွင် ကြယ်နဂါးဟု ခေါ်တွင်သော အနုရာဓ၊ ဇေဋ္ဌ နှင့် မူလတို့ ပါဝင်သော ကြယ်အစုအဝေးသည် Fig. Sky-68 ပြထားသကဲ့သို့ နေရောင်လွှမ်း အုပ်ခြင်းမှ ကင်းလွတ်လျှက် နေထွက်ခါနီးတွင် အရှေ့မိုးကုတ် စက်ဝိုင်းအထက်၌ နဂါးရုပ် အပြည့်အစုံ ပေါ်ထွက်လာသည့် အချိန်အခါ ဖြစ်သည်။



(၁၀) မုရင်းကောက်သားဝင်ရက် ၂၉-၀၁-၂၀၁၈ တနင်္လာနေ့

နေသည် မကာရရာသီ အလယ်တည့်တည့် အံသာ ၂၈၅ သို့ ဆိုက်ရောက်သော အခါဖြစ်၍ မုရင်းစပါးပင် များ၌ ကောက်သား ဝင်ပြီဟု အသိပေးထားခြင်း ဖြစ်သည်။ မူကွဲအားဖြင့် နောက်ဆရာတို့က နေသည်ကုမ် ရာသီ အလယ်တည့်တည့် အံသာ ၃၁၅ သို့ ရောက်ရှိချိန် ၂၇-၀၂-၂၀၁၈ အင်္ဂါနေ့ သို့ရောက်မှ ဤဖြစ်စဉ် ကို ကြုံတွေ့နိုင်ကြောင်း အဆိုရှိပါသည်။


Telegram userID: AWKyaw                                                 SMS: 09 459 824 750
25-11-2017                                                                                                   
ဆက်ရန်