Monday, March 20, 2017

37. Astrology on the sphere (15)

စက်လုံးပေါ်မှာ ဗေဒင်တွက်မလား (၁၅)

၂၀။ ကောင်းကင်စက်လုံး တြိဂံဖွဲ့စည်းခြင်း


အသုံးချ နက္ခတ္တဗေဒဆိုင်ရာ ကွင်းဆင်းတိုင်းတာရာတွင် မိုးကုတ်စက်ဝိုင်းကို ရည်ညွှန်း၍ ထောင့်မြင့်ကို သီအိုဒိုလိုက် အသုံးပြုခြင်း အားဖြင့်လည်းကောင်း၊ နာရီထောင့်အား တိကျမှုမြင့်မားသည့် နာရီ (Chronometer) ၏ အကူအညီဖြင့် လည်းကောင်း တိုင်းယူလေ့ရှိသည်။ မြိ့ပြအင်ဂျင်နီယာ ဆိုင်ရာ ကားလမ်း၊ ရထားလမ်း စသည်တို့၏ လမ်းအူကြောင်း ၏ လားရာကို ထိမ်းချုပ်ရာ၌ မှတ်တိုင်တစ်ခု၏ အဇ္ဇမတ်အား ရှေးဦးစွာ ရှာဖွေရလေ့ ရှိပါသည်။ တည်နေရာအတွက်ရှာ ယူထားသော လတ္တီတွဒ်မှ လတ္တီတွဒ်၏ထောင့်မှန်ဖြည့်ဖက် (Co-Lat) ဖြစ်သည့် အနား PZ ကို ရရှိခဲ့ပြီးသည့်နောက် တိုင်းတာရ ထောင့်မြင့်မှ ထောင့်မြင့်၏ထောင့်မှန်ဖြည့်ဖက် (Co-Alt) ဖြစ်သော ZS တို့ကို အသုံးပြုလျှက် ဇိနတ်ထောင့် Z  အားတွက်ချက်ရှာဖွေ လေ့ရှိသည်။ တစ်နည်းအားဖြင့် ဝင်ရိုးစွန်၌ ခံဆောင်သော နာရီထောင့်ကို အသုံးပြုတွက်ချက် ခြင်းဖြင့် ပိုမိုတိကျသည့် ရလာဒ်အား ရှာဖွေလေ့ရှိသည်။

အထက်ပါ တွက်ချက်မှုများ၌ တတိယမြောက် အနားဖြစ်သော ဒီကလိုင်နေးရှင်း၏ ထောင့်မှန်ဖြည့်ဖက် (Co-Dec) ဖြစ် သည့် PS ကို မြေတိုင်းလုပ်ငန်းများ အတွက် ထုတ်ဝေသည် ကြယ်အယ်လ်မနက်ဇယား (Star Almanac for Land Surveyors) သို့မဟုတ် ရေကြောင်းလမ်းပြလုပ်ငန်းများ အတွက် ထုတ်ဝေသည် နော်တစ်ကယ် အယ်လ်မနက်ဇယား (Nautical Amanac) တို့မှ အလွယ်အကူ ရရှိနိုင်ပါသည်။ P ၌ခံဆောင်သော နာရီထောင့်ကို တိုင်းတာတွက်ချက်ခဲ့ သော် ရှေ့တွင်ဆက်လက်တင်ပြမည့် အချိန်ဆိုင်ရာ သဘောတရားများကို အခြေပြုတွက်ချက်ရန် ဖြစ်ပါသည်။ နက္ခတ္တ ဗေဒ ဆိုင်ရာ စက်လုံးတြိဂံတွင် S ၌ခံဆောင်သော ထောင့်ကို (Parallactic Angle) ဟုဖေါ်သည်။ ကောင်းကင်ဝတ္တု သည် မွန်းတည့်စက်ဝိုင်းကို ဖြတ်သော အခိုက်အတန့်၌ အဆိုပါထောင့်၏တန်ဖိုး သုညဖြစ်သည်။




စက်လုံးတြိဂံ တစ်ခုဖွဲ့စည်းပုံရာတွင် ကောင်းကင်ဝတ္တုသည် မွန်းတည့်စက်ဝိုင်း၏ အရှေ့ဖက် တက်ဆဲအနေအထား၌ ရှိနေချိန် အနေအထားကို  Fig. Sphere-110 ၌လည်းကောင်း၊ မွန်းတည့်စက်ဝိုင်းအား ဖြတ်သန်းပြီး၍ အနောက်ဖက် သို့ဆင်းသက်ဆဲ အနေအထား၌ ရှိနေချိန်အား Fig. Sphere-111 တွင် လည်းကောင်း အသီးသီး တွေ့မြင်နိုင်ပါသည်။



ayewinkyaw@ymail.com                                                            SMS: 09 459 824 750
20-3-2017 (2017 Vernal Equinox day)                                                               ဆက်ရန်


Thursday, March 9, 2017

36. Astrology on the sphere (14)

စက်လုံးပေါ်မှာ ဗေဒင်တွက်မလား (၁၄)

မိုးကုတ်စက်ဝိုင်းနှင့် မြောက်အရပ်တို့ကို ရည်ညွှန်းတိုင်းတာရာတွင် ကောင်းကင်ဝတ္တုများ၏ အဇ္ဇမတ်နှင့် ထောင့် မြင့်တို့သည် ကြည့်သူရပ်တည်သော တည်နေရာ အလိုက်ပြောင်းလဲမှု ရှိနိုင်ပုံကို ရှင်းလင်းတင်ပြ ပြီးဖြစ်ပါသည်။ အ ဆိုပါ တန်ဖိုးနှစ်ခုတို့မှာ မြောက်ဝင်ရိုးစွန်း-P ထိပ်တည့်မှတ်-Z နှင့် ကောင်းကင်ဝတ္တု-S ဟူသော PZS အထွဋ်မှတ် (၃) ခု တို့ဖြင့်ဖွဲ့စည်းမည့် စက်လုံးတြိဂံ၏ ထိပ်တည့်မှတ်၌ ခံဆောင်သောထောင့်- Z ၊ ထိပ်တည့်မှတ်မှ နှိမ့်ဆင်းတိုင်းတာ သည့် ZS အနား တို့အား ဖေါ်ပြသည်။ ZS သည် တိုင်းရထောင့်မြင့် ၏ ထောင့်မှန်ဖြည့်ဖက် တန်ဖိုးဖြစ်၍ ဇိနတ်မှ အ ကွာအဝေး (Co-Altitude or Zenith distance) ဟုခေါ် သည်။ တိုင်းတာသော တည်နေရာ၏ လတ္တီတွဒ်ကို ၉၀ ဒီဂရီမှ နှုတ်၍ရသော တန်ဖိုးသည် တြိဂံ၏ PZ အ နားဖြစ်၍ လတ္တီတွဒ်၏ ထောင့်မှန်ဖြည့်ဖက် (Co-Latitude) ဟု ခေါ်တွင် သည်။ ဤတွင် အနားတစ်ဖက် PS နှင့် ထောင့်(၂)ခု P နှင့် S တို့ကျန်ရှိသေးရာ ကောင်းကင်ဝတ္တု၌ ခံဆောင်သော S ထောင့် သည် တွက်ချက် မှုတို့တွင် သုံးစွဲဖွယ်ရာ မရှိခြင်းကြောင့် ကျန်(၂)ခုတို့အား မည်ကဲ့သို့ ရရှိအသုံးပြုသည် ကို သာဆက်လက် တင်ပြပါမည်။ ပြီးခဲ့သော ပို့စ်၏ Fig. Sphere-103 တွင် ကောင်းကင်အီကွေတာသည် မိုးကုတ်စက် ဝိုင်း အား E နှင့် W တို့၌လည်းကောင်း၊ မွန်းတည့်စက်ဝိုင်းကို Q နှင့် Q’ တို့တွင်လည်းကောင်း အသီးသီးဖြတ် လျှက်ရှိ နေပုံကို ပြခဲ့ပါသည်။ အီကွေတာသည် ကောင်းကင်စက်လုံး၏ လည်ပတ်မှုကို အခြေခံ တိုင်းတာရာ စက်ဝိုင်းကြီး ဖြစ် ခြင်းကြောင့် ယခုဆက်လက်၍ အဆိုပါ စက်ဝိုင်းကြီး၏အပေါ်၌ ရည်ညွှန်းမှတ်သားသည့် တက်ထောင့်မှန် ခေါ် နက္ခတ် စီး-ကြန္တီ စံနစ်အား ရှင်းလင်းတင်ပြပါမည်။

၁၈။ တက်ထောင့်မှန်-ကြန္တီ တိုင်းတာရေးစံနစ်

ကမ္ဘာ့အီကွေတာဒေသ၌ ဖြစ်စေ အခြားသော လတ္တီတွဒ် တောင်/မြောက် ရှိသည့် ဒေသတစ်ခုတွင်ဖြစ်စေ ကောင်းကင် အီကွေတာသည် စက်ဝိုင်းကြီးတစ်ခု ဖြစ်သည့်အားလျှော်စွာ အချိန်မှန်ကန်စွာ ထွက်၊ ဝင်၊ မွန်း တည့်သို့ ဖြတ်ကျော် ခြင်း နှင့် သန်းခေါင်သို့ ရောက်ရှိဖြတ်သန်းခြင်း တို့ကိုဖြစ်ပေါ် စေပါသည်။ တစ်နည်း အားဖြင့် EQW=WQ'E တိုု့သည် ၁၈၀ ဒီဂရီ=၁၂ နာရီ စီရှိ၍ EQ=QW=WQ'=Q'E တို့သည် ၉၀ ဒီဂ ရီ=၆ နာရီ စီရှိကြသည်။ မျက်မြင်အားဖြင့်နေသည် အီကွေတာပေါ်သို့ ရောက်ရှိသောအချိန် 21Mar နှင့် 23Sep တို့၌ နေ့တာနှင့် ညဉ့်တာ ညီမျှသည့် သဘောကိုလည်း ဖေါ်ပြနေပါသည်။ ဤစက်ဝိုင်းပေါ်ရှိ အတိုင်း အတာကို တက်ထောင့်မှန် (Right Ascension) ဟု ခေါ်ဆိုသော အချက် ၏ အရင်းခံ အကြောင်းလည်း ဖြစ် သည်။ အဆိုပါ မူလစက်ဝိုင်း၏ ဆင့်ပွားစက်ဝိုင်းများ ပေါ်တွင် Fig. Sphere-108 ၌် ပြထားသကဲ့သို့ တိုင်း တာမှုများ ကို ဒီကလိုင်နေးရှင်း-ကြန္တီ (Declination) ဟု ခေါ်ပါသည်။


ကြန္တီကို လက္ခဏာအလျှောက် ၉၀ ဒီဂရီမှ နှုတ်ယူရရှိသော တန်ဖိုးသည် PZS စက်လုံးတြိဂံ၏ PS အနား 
ဖြစ် ၍ (Co-declination) ဟုခေါ်သည်။ ဇာတာခွင်ဖွဲ့ယူ တွက်ချက်ရာတွင် ကြန္တီတန်ဖိုးကို အသုံးပြုရန် မလိုအပ် သော်လည်း သိ ရီပတိပဒ္ဓတိနည်းဖြင့် ဂြိုဟ်တို့၏ အင်အားများ တွက်ယူရာတွင် လည်းကောင်း၊ ပဥ္စတား ဂြိုဟ် အချင်းချင်း စစ်ထိုးရာ တွင် အနိုင်အရှုံး တွက်ယူရာ၌ လည်းကောင်း အသုံးပြု လာရမည် ဖြစ်ပါသည်။ နောက်ဆုံး၌ ရှင်းလင်းရန် ကျန်ရှိသော P ထောင့်သည် စက်လုံးလည်ခြင်း၏ အတိုင်းအတာ ဖြစ်၍ နာ ရီ ထောင့် (Hour Angle) ဟူ၍ခေါ်တွင်ပြီး တက်ထောင့် မှန်ကို အခြေပြု၍ တွက်ယူရသည်။ အချိန် ဆိုင်ရာ တွက်ချက်မှုများတွင် အဓိက ထည့်သွင်းတွက်ချက်ရမည့် တန်ဖိုးဖြစ် ပြီး အတော်အတန် ကျယ် ဝန်း သည့် ရှင်း လင်းဖွယ်ရာများ ရှိနေသဖြင့် ရှေ့တွင်သီးခြား တင်ပြသွားမည် ဖြစ်ပါသည်။

တက်ထောင့်မှန် ခေါ် နက္ခတ်စီးသည် ကြယ်တို့၏ မဟာဝိသုဝ အမှတ်မှ အရှေ့ဖက်သို့ သုညမှ ၃၆၀ ဒီဂရီ အ ထိတိုင်း သောတန်ဖိုး ဖြစ်သည်။ ကြယ်သွားနှုန်း (Sidereal motion) ဖြင့် ရွေ့လျှားခြင်းကို တိုင်းတာရာ၌ အသုံး ပြုသည်။ အဆို ပါတန်ဖိုးကို စတင်တိုင်းတာရာ ဝိသုဝအမှတ်သည် တစ်နှစ်လျှင် ၅၀.၃ စက္ကန့်နှုန်းဖြင့် အ နောက်ဖက်သို့ ဖြေးညှင်းစွာ ရွေ့လျှားလျှက်ရှိသည်။ အချို့သော ဂြိုဟ်သွားဇယားများတွင် တက်ထောင့်မှန် ကို ၃၆၀ ဒီဂရီမှနှုတ်၍ရသော တန်ဖိုးကို ဖေါ်ပြပြီး နက္ခတ်နာရီထောင့် (Sidereal Hour Angle) ဟုခေါ်တွင် ပြီး ကြန္တီဖြင့် တွဲဖက်သုံးစွဲ လေ့ရှိသည်။

၁၉။ ကောင်းကင်လောင်ဂျီတွဒ်နှင့် လတ္တီတွဒ် တိုင်းနည်းစံနစ်


ဆွစ်ဂြိုဟ်သွားမှ ရရှိနိုင်သော ကောင်းကင်လောင်ဂျီတွဒ် တိုင်းတာပုံကို Fig. Sphere-109 ၌တွေ့နိုင်ပါသည်။ နေသွား လမ်းဟူသော မူလစက်ဝိုင်းကြီးတစ်လျှောက် မဟာဝိသုဝအမှတ်မှ ၀-၃၆၀ ဒီဂရီ အတွင်း တိုင်းတာ သည်။ လနှင့် တကွ ကျန်ဂြိုဟ်တို့သည် နေသွားလမ်း၏ဝန်းကျင်၌ အလွန်သေးငယ်သော တိမ်းစောင်းမှုရှိ သည့် ကိုယ်ပိုင်လမ်းကြောင်းများ ဖြင့် စဉ်ဆက်မပြတ် ရွေ့လျားနေကြသည်။ အဆိုပါ လနှင့်ဂြိုဟ်တို့၏ နေ သွားလမ်းမှ မတ်ရပ်လားရာရှိ ဆင့်ပွားစက် ဝိုင်းပေါ်တွင် တောင်/မြောက် လတ္တီတွဒ်တို့ကိုတိုင်းတာသည်။ သတ်မှတ်ချက်အရ ၀ မှ ၉၀ ဒီဂရီတိုင် တောင်/မြောက် တိုင်းတာသည် ဟုအဆိုရှိသော်လည်း အဓိကအားဖြင့် လနှင့် ဂြိုဟ်တို့၏ နေသွားလမ်းမှ သေးငယ်သော တန်ဖိုးများ ကိုသာ တိုင်းတာလေ့ရှိကြသည်။ လတ္တီတွဒ် ကို လည်း ဇာတာဖွဲ့ယူရာ၌ ထည့်သွင်းတွက်ချက်လေ့ မရှိပါ။ သို့ရာတွင် နက္ခတ္တဗေဒ ပညာတွက်ရိုးများ၌ နေ ကြတ်၊ လကြတ်၊ ဂြိုဟ်စစ်ထိုးမှု ဆိုင်ရာတို့တွင် အသုံးပြုရန် လိုအပ်မည် ဖြစ်ပါ သည်။

မဟာဝိသုဝနှင့် ဇလဝိသုဝမှတ် နှစ်ခု၌ဖြတ်လျှက် ရှိကြသော အီကွေတာနှင့် နေသွားခမ်းတို့မှာ Fig. Sphere- 109 တွင်ပြထားသကဲ့သို့ အဖြောင့်သွား အားဖြင့် နေညဉ့်ဖြစ်စေသည့် လှည့်ပတ်ခြင်း (Duirnal motion) ဖြင့် အရှေ့မှ အ နောက်သို့ ရွေ့လျှားစဉ် နေစင်္ကြဝဠာ တွင်းရှိ နေ လ ဂြိုဟ်တို့သည် ဖီလာသွား (Annual motion) အားဖြင့်အနောက် မှ အရှေ့သို့ ဖြေးညှင်းစွာ ရွေ့လာကြသည်။ ဤဖြစ်ရပါကို တွက်ရိုး ကျမ်းများ၌ နေ လ ဂြိုဟ်တို့သည်အသွားမြန်သော နက္ခတ်စက်ကို မမှီခြင်းကြောင့် နောက်ကျ၍ ကျန်ခဲ့ကြောင်း ဖေါ်ပြ လေ့ရှိပါ သည်။


ayewinkyaw@ymail.com                                        SMS: 09 459 824 750
9-3-2017                                                                                       ဆက်ရန်


Tuesday, March 7, 2017

35. Astrology on the sphere (13)

စက်လုံးပေါ်မှာ ဗေဒင်တွက်မလား (၁၃)

၁၆။ ကမ္ဘာပေါ်ရှိ တည်နေရာတစ်ခု ရှာဖွေခြင်း


မြေပြင်မှ မိုးကုတ်စက်ဝိုင်းစံနစ်ဖြင့် နေ လ ကြယ် နက္ခတ် တာရာ တို့၏ အဇ္ဇမတ်နှင့် ထောင့်မြင့် တို့တိုင်းတာ ပုံများကို တင်ပြခဲ့ပြီး ဖြစ်သည်။ အဆိုပါ တိုင်းရတန်ဖိုး နှစ်ခုသည် တိုင်းတာသည့် ကမ္ဘာ့တည်နေရာနှင့် ဝတ္တု ၏ ကောင်းကင် လောင်ဂျီတွဒ်-လတ္တီတွဒ် တက်ထောင့်မှန်-ကြန္တီ တန်ဖိုးတို့ အပေါ်မူတည် ပြောင်းလဲသော သဘောရှိသည်။ ကမ္ဘာ့မြောက်ခြမ်း၌ P / Q သို့မဟုတ် ကမ္ဘာ့ တောင်ခြမ်းတွင် P' / Q' တို့၏ တည်နေရာ ကို ကိုယ်စားပြုသည့် မြို့ ရွာ ဒေသ တခုခု အတွက်သာမက မွေးဖွားခဲ့သော နေအိမ် ဆေးရုံ ဖြစ်ရပ်တစ်ခု ဖြစ်ပွား ရာ အဆောက်အအုံ စသည်တို့ တည်နေရာကို ယခုအခါ မိုဘိုင်းဖုန်းဖြင့် အလွယ်တကူ ရှာဖွေရရှိနိုင် ပြီ ဖြစ်ပါ သည်။ ဖုန်းပေါ်တွင် အင်တာနက်ဖွင့်၍ ဂူဂယ်မြေပုံ (Google Map) ကို ခေါ်လျှက် ဂြိုဟ်တုမှ မြင်ကွင်း (Satellite view) ဖြင့် လိုအပ်သော အမှတ်၏ လတ္တီတွဒ်နှင့် လောင်ဂျီတွဒ်တို့ကို တိကျစွာ ဖွေနိုင်ပါသည်။ ဥပမာအားဖြင့် နက္ခတ်တာရာ ကွင်းဆင်း ကြည့်ရှုရန် အလွန်ကောင်းမွန်သော တည်နေရာ တစ်ခုမှာ မန္တလေး ရတနာပုံ တက္ကသိုလ် အနီးနှင့် တောင်သမန်အင်း၏ အရှေ့ ဖက်၌ တည်ရှိသော မဟာသကျရံသီ ကျောက် တော်ကြီးဘုရား ဖြစ်ပါသည်။ ဘုရားကြီး၏ တည်နေရာ အား Fig. Sphere-102 တွင် ဖေါ်ပြ ထားသည့် အတိုင်း အလွယ်တကူ ရှာယူရရှိ နိုင်ပါသည်။

Google Map version 4.3 တွင် တည်နေရာ ရှာလိုသော နေရာ၌ စက္ကန့်အနည်းငယ် လက်ညှိုးထောက် ထား၍ Dropped Pin လုပ်ခြင်းဖြင့် ပုံတွင် ဖေါ်ပြသည့်အတိုင်း လတ္တီတွဒ်နှင့် လောင်ဂျီတွဒ် တန်ဖိုးတို့ကို ရရှိလာမည် ဖြစ်သည်။ ဒေသတစ်ခု၏ လတ္တီ တွဒ် တန်ဖိုးကို သိရှိလျှင် Fig. Sphere-103 ၌ ဖေါ်ပြထား သည့်အတိုင်း ကောင်းကင်စက်လုံး ပုံတွင် P နှင့် Q တို့၏ တည်နေရာ တို့အား သတ်မှတ်နိုင်မည် ဖြစ်သည်။ လောင်ဂျီတွဒ်သည် ကောင်းကင်ဝတ္တုတို့၏ မွန်းတည့်စက်ဝိုင်းမှ အကွာအဝေးကိုတွက်ချက် ၍ ထွက်ခြင်း၊ ဝင်ခြင်း၊ မွန်း တည့်ခြင်း စသည်တို့ကို ရှာဖွေရာ၌ မရှိမဖြစ် အသုံးပြုရန် လိုအပ်သည့် တန်ဖိုးဖြစ်ပါသည်။

၁၇။ တောင်သမန် ကျောက်တော်ကြီးဘုရား


မန္တလေးမြို့ ဝန်းကျင်၌ ကျောက်တော်ကြီး ဘုရားနှစ်ဆူ ရှိရာတွင် ဤတောင်သမန် ကျောက်တော်ကြီး ဘုရား ကြီးကို ကုန်းဘောင် မင်းဆက် နဝမမြောက် ပုဂံမင်းက သက္ကရာဇ် ၁၂၁၂-ခုနှစ်၌ ပူဇော်လှူဒါန်း ကိုးကွယ်ခဲ့ သည်။ ပုဂံအာနန္ဒာ ဘုရားပုံစံအတိုင်း တည် ဆောက်ထားသည့် ဘုရားကြီး၏ လှိုဏ်မုဒ်(၄)ခု၏ မျက်နှာ ကျက်တစ်ခုတွင် ကျမ်းဂန်အဆိုနှင့်အညီ ရေးဆွဲထားသော ဗုဒ္ဓခြေတော် ရာ တစ်ဆူကို ဖူးတွေ့နိုင်ပါသည်။ ကျန်သော လှိုဏ်မုဒ်(၃)ခု၏ မျက်နှာကျက်တို့တွင် ရှေးမြန်မာ့ ယဉ်ကျေးမှုကို ရောင်ပြန်ဟပ်စေ သော နက္ခတ် တာရာပုံ ဆေးရေးပန်းချီများကို ဘုရားဖူးသူများ လေ့လာခွင့် ရရှိစေခြင်းမှာ တောင်သမန် ကျောက်တော်ကြီး ဘုရား ၏ အလွန်ထူးခြာသော ဆွဲဆောင်မှု တစ်ရပ်ဖြစ်ပါသည်။

မျက်နှာကျက်(၃)ခုရှိ နက္ခတ်တာရာပုံတို့တွင် တစ်ပုံမှာ ပြည့်စုံမှု မတွေ့ရှိရတော့ပါ။ ကျန်သော တန်ဖိုးကြီးမား သည့် ရှေးမှုနက္ခတ် တာရာပုံတို့ကို Fig. Sphere-104 နှင့် Fig. Sphere-105 တို့တွင် ဖေါ်ပြထားပါသည်။


ပထမ နက္ခတ်ပုံတွင် အတွင်းတာရာကြီး(၉)လုံးနှင့် တကွ အလွတ်တာရာ အပြင်တာရာ တို့ကို တွေ့မြင်နိုင် ပါ သည်။ ဒုတိယပုံ၌ ဓူဝံကြယ်၊ ခုနစ်စင်ကြယ်၊ ကြေးမုံတာရာ တို့နှင့်တကွ နက္ခတ် (၂၇)လုံး စလုံးအား ထင်ရှား စွာ တွေ့မြင်လေ့လာ ခွင့်ရနိုင်ပါသည်။

ဘုရားအတွင်းလှိုဏ်၏ မျက်နှာကျက်တွင် နက္ခတ်တာရာပုံများ ရေားဆွဲထားသည်ကို ရန်ကုန်မြို့ ရွှေတိဂုံဘု ရားကြီး တောင်ဖက်ရှိ မဟာဝိဇယ စေတီနှင့် ဤကျောက်တော်ကြီး ဘုရားတို့၌သာ တွေ့မြင်နိုင်ပါသည်။ ကျောက်တော်ကြီးဘုရားတွင် ထူးခြားရှားပါး သော မျက်နှာကျက် နက္ခတ်တာရာပုံ ဆေးရေးပန်းချီများအပြင် Fig. Sphere-106 နှင့် Fig. Sphere-107 တို့၌ ပြသထားသော ထိုင်းဘုရင်မင်မြတ်ထံမှ မြန်မာတို့ဖူးမျှော်ရန် အတွက် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဂျေအေ မောင်ကြီးမှ တဆင့် ပေးပို့လှုဒါန်းထားခဲ့ သည့် ထိုင်းဆင်းတုတော် နှစ်ဆူတို့ကိုလည်း စကျင်ကျောက်သား အစစ်ဖြင့် ထုဆစ်ကိုးကွယ်ထားသည့် မဟာသကျရံသီ ဆင်းတုတော် ကြီး၏ အရှေ့တွင် ဖူးမျှော်နိုင် ကြပါသည်။ အလယ်ရှိ မဟာမြတ်မုနိ ကြေးဆင်းတုတော်၏ လက်ဝဲဖက်ရှိ ဆင်းတု တော်မှာ နွားစီးထားပြီး လက်ယာဖက်မှ ဆင်းတုတော်သည် ကျွဲစီးထားသည်ကို ဖူးတွေ့ရပါသည်။


မိမိသည် လုပ်ငန်းတာဝန်ဖြင့် ထိုင်းနိုင်ငံ၌ နေထိုင်ခြင်း လှည့်လည်ခြင်းတို့ကို အကြိမ်များစွာ ပြုလုပ်ခဲ့စဉ် အခါက ထိုင်းဘုရားများ သို့ သွားရောက်ဖူးမျှော်ခြင်း၊ သမိုင်းကြောင်းများစွာအား လေ့လာဖတ်ရှု ဖူးသည့်အ တွက် အဆိုပါ ထိုင်းဘုရား နှစ်ဆူ၏ ထူးခြားမှု တို့ကိုဘုရား၏ အကျိုးဆောင် ဆရာကြီးဦးမြတ်ဋ္ဌေး ထံသို့စူး စမ်းမေးမြန်း ကြည့်ပါသည်။ ဆရာကြီးက ရှမ်းကြီးဟု ခေါ်တွင်သော ရှမ်းလူမျိုး ဘုရားဖူးများ ကျောက်တော် ကြီး ဘုရားလည်းဖူးမျှော်ရင်း ဤထိုင်းဘုရား နှစ်ဆူကို တစ်ကူးတစ်က မကြာခဏ ရောက်လာ ဖူးမျှော်ကြ သည် ဟုဆိုပါသည်။ အဆိုပါ ဘုရားဖူးလာ ရှမ်းကြီးများက ဤဘုရားများမှာ (၄)ဆူအတူတကွ ရှိရမည်ဟု ပြောဆို ကြပြီး ဘုရား(၄)ဆူ အပြည့်အစုံ ရှိပြီလားဟု စူးစမ်းသည့် အနေဖြင့် ထပ်မံ၍ လာရောက်ဖူးမျှော် ကြည်ညိုခြင်း ဖြစ်သည်ဟု ဆိုကြ ပါသည်။ ယခုအခါ (၂)ဆူသာ ဖူးမျှော်ခွင့် ရသေးခြင်းကြောင့် ပြည့်စုံမှု ရှိ သည်အထိ နေရာအနှံ့ ရှာဖွေကြည့်ကြ ဦးမည့်အကြောင်း နှင့် တွေ့ရှိပါက တစ်ပေါင်းတည်း ပူဇော်ခွင့်ရကြ စေရန် ပင့်ယူလာရောက် လှူဒါန်းကြမည့်အကြောင်း ပြောသွားကြသည်ဟု သိရှိရပါသည်။


AyeWinKyaw Blogpost 35.pdf

ayewinkyaw@ymail.com                                        SMS: 09 459 824 750
7-3-2017                                                                                       ဆက်ရန်