Sunday, February 26, 2017

34. Astrology on the sphere (12)



စက်လုံးပေါ်မှာ ဗေဒင်တွက်မလား (၁၂)

၁၅။ မိုးကုတ်စက်ဝိုင်း တိုင်းတာနည်းစံနစ်။




ကောင်းကင်၌ရှိသော နေ လ ဂြိုဟ်နှင့် ကြယ်နက္ခတ်တရာ တို့၏တည်နေရာကို တိုင်းတာရာတွင် ဒေသတခု၏ မိုးကုတ် စက်ဝိုင်း (Local horizon) အားရည်ညွှန်းလျှက် အဇ္ဇမတ် ရေပြင်ညီထောင့် (Azimuth-Horizontal angle) နှင့် ထောင့်မြင့် မတ်ရပ်ထောင့် (Altitude-Vertical angle) တို့အားဖြင့် မှတ်သားအသုံးပြုလေ့ ရှိကြပါသည်။ ဒေသတခု၏ မိုးကုတ်စက်ဝိုင်း ပြင်ညီကို ရေချိန်ဖြင့် ညှိယူလျှက် မတ်ရပ်ရည်ညွှန်းမျဉ်း ကိုဖန်တီးပြီး တိုင်းတာနိုင်သော ကိရိယာကို သီအိုဒိုလိုက် (Theodolite) ဟူ၍ ခေါ်ဝေါ်သည်။ ယင်းကဲ့ သို့ တိုင်းတာသည့် နည်းစံနစ်ကို နက္ခတ္တဗေဒ ပညာတွင် မိုး ကုတ်စက်ဝိုင်းစံနစ် (Horizontal System) ဟုခေါ်တွင်သည်။



သီအိုဒိုလိုက်ကို ဖန်သားပေါ်တွင် ထောင့်အမှတ်အသားတို့အား အလွန်တိကျစွာ ရေးမှတ်ထားသော စက်ဝိုင်း (Protrac- tor) နှစ်ခု ကို တစ်ခုအား ရေပြင်ညီ အနေအထားဖြင့် လည်းကောင်း ကျန်တစ်ခုအား မတ်ရပ် အနေအထားဖြင့် လည်း ကောင်း အသီးသီး ရေချိန် ကိုက် တပ်ဆင်  တည်ဆောက်ထားလျှက် တိုင်းတာရန် ကြက်ခြေမျှင်ပါ ရှိပြီး အားကောင်း သည့် မှန်ပြောင်း (Measuring Teles-cope) ဖြင့် ကောင်းကင်ဝတ္တုအား ချဲ့ယူတိုင်းတာ သည်။ ကိရိယာကို တည်ငြိမ်မှု ရရှိစေရန် အတွက် သုံးချောင်းထောက်ခုံပေါ်၌ တင်ထားသော ကိရိယာတွင်  ရေပြင်ညီစက်ဝိုင်း၏ တန်ဖိုးအား မြောက် အရပ်မှ ယ္ခင်တိုင်းတာရရှိပြီးသော ရည်ညွှန်းမှတ် တခုခုသို့ စတင်ချိန်ရွယ် ထားရှိ၍ ကောင်းကင်ဝတ္တုတခုခုကိုမှန်ပြောင်း တွင်း ကြက်ခြေခတ်ဖြင့် တစ်ထပ်တည်းကျအောင် ချိန်ရွယ်လျှက် အဇ္ဇမတ်နှင့်ထောင့်မြင့် တို့ကိုမှတ်သားခြင်းဖြစ်သည်။
      

တိုင်းရ အဇ္ဇမတ်နှင့် ထောင့်မြင့်တန်ဖိုးတို့ကို ဒေသလတ္တီတွဒ်၊ တိုင်းတာသောအချိန်၊ ထိုဝတ္တု၏ တက်ထောင့်မှန် (Right Ascension) ဒီကလိုင်နေးရှင်း ခေါ် ကြန္တီ-ဒိဂ် (Declination) တို့ဖြင့် တွဲဖက်လျှက် တွက်ချက်မှုအမျိုးမျိုး အားလုပ် ဆောင်ကြလေ့ ရှိပါ သည်။ ဤတွင် မြင်ကွင်းအတွင်းရှိ ကောင်းကင်ဝတ္တုတစ်ခုအား မည်ကဲ့သို့ တိုင်းယူမှတ်သား နိုင် သည်ကို ရှင်းလင်းတင်ပြပါမည်။မိုးကုတ်စက်ဝိုင်းပေါ်၌ E, W, North, South အရပ်လေးမျက်နှာ အမှတ်တို့၏ တည် နေရာနှင့် ထိပ်တည့်မှတ် Z တို့သည်အဓိက ရည်ညွှန်းမှတ်များဖြစ်ကြသည်။ North, Z နှင့် South တို့ကိုဖြတ်၍ ဆွဲသား သော မွန်းတည့်စက်ဝိုင်း ပေါ်တွင် ကမ္ဘာ့မြောက်ဖက် ခြမ်း၌ ကောင်းကင်မြောက်ဝင်ရိုးစွန်း P သည် North မှ မြောက် လတ္တီတွဒ်တန်ဖိုးရှိသော အမြင့်တွင်လည်းကောင်း၊ တောင်ဖက် ခြမ်း၌ ကောင်းကင်တောင်ဝင်ရိုးစွန်း P” သည် South မှ တောင်လတ္တီတွဒ်တန်ဖိုးရှိသော အမြင့်တွင်လည်းကောင်း၊ အသီးသီး တည်ရှိကြသည်။ ထိုအခါ ကောင်းကင်အီကွေတာ နှင့် မွန်းတည့်စက်ဝိုင်းတို့ ဖြတ်မှတ်ဖြစ်သည့် Q သည် P / P” ဖြင့် ထောင့်မှန် ကျနေခြင်းကြောင့် North / South မှ P / P”  မြင့်တက်သလောက် Z မှ Q တိမ်းစောင်းတည်ရှိမည်။






Fig. Sphere-98 နှင့် Fig. Sphere-99 တို့သည် ကမ္ဘာ့မြောက်ဖက်ခြမ်း ဒေသတစ်ခုအတွက် စက်လုံး၏ အရှေ့ဖက်မှ မြင်ကွင်း နှင့် အနောက်ဖက်မှ မြင်ကွင်းများ ဖြစ်ကြသည်။ အရှေ့ဖက်မြင်ကွင်းတွင် အရှေ့မိုးကုတ်စက်ဝိုင်းမှ ထွက်ပေါ်ပြီး မွန်းတည့်စက်ဝိုင်း သို့ ရှေးရှု၍ရွေ့လျှား တက်ရောက်နေသော ဝတ္တုအတွက် လည်းကောင်း၊ အနောက်ဖက် မြင်ကွင်း၌ မွန်းတည့်စက်ဝိုင်းအား ဖြတ်ကျော် ပြီး အနောက်မိုးကုတ်စက်ဝိုင်းသို့ ရှေးရှု၍ ဆင်းသက်နေသည့် ဝတ္တုအတွက် လည်းကောင်း၊ အသီးသီး ပြထားခြင်း ဖြစ် သည်။ အဇ္ဇ မတ်ကို မြောက်စူးစူးလားရာအား သုညအဖြစ် ရည်ညွှန်းထားရှိလျှက် လက်ယာရစ် စက်ဝိုင်းတစ်ပတ် ပြည့်သည် အထိ တိုင်းတာ သည်။ ထောင့်မြင့်အား မိုးကုတ်စက်ဝိုင်း၏ ထပ်ဆင့်စက်ဝိုင်းများဖြစ်သည့် မတ်ရပ်စက်ဝိုင်းတလျှောက် ရေပြင်ညီတွင် သု ညမှအစ ပြု၍ Z ရောက်သည့်တိုင် ၉၀ ဒီဂရီအထိ တိုင်းတာသည်။ကမ္ဘာ့တောင်ဖက်ခြမ်း ဒေသတစ်ခုအတွက် စက်လုံး၏ အရှေ့ ဖက်မှ မြင် ကွင်း နှင့် အနောက်ဖက်မှ မြင်ကွင်းများ Fig. Sphere-100 နှင့် Fig. Sphere-101 တို့တွင် ဖေါ်ပြထားပါသည်။ ကမ္ဘာ့တောင်ဖက် ခြမ်း ဒေသများတွင် အဇ္ဇမတ်ကို တောင်စူးစူးအား ရည်ညွှန်းတန်ဖိုး သုညအဖြစ်ထားရှိလျှက် လက်ယာရစ် စက်ဝိုင်းတစ်ပတ် ပြည့် သည်အထိ တိုင်းတာလေ့ရှိသည်။





အထက်ပါ ပုံတို့ကို အခြေခံ၍ ရှေ့ဆက်လက်တင်ပြ မည့်ပို့စ်များတွင် စက်လုံးတြိဂံဖွဲ့စည်း ဖြေရှင်းပုံတို့အား ရှင်းလင်း ဖေါ်ပြသွားမည် ဖြစ်ပါသည်။ အထူးမှတ်သားဖွယ်ရန် အချက်မှာ ကောင်းကင်ဝတ္တု၏ အဇ္ဇမတ်တန်ဖိုး သုည သို့မဟုတ် ၁၈၀ ဒီဂရီသို့ ရောက်ရှိချိန် များ၌ စက်လုံးတြိဂံ ဖွဲ့စည်းရန် မလိုအပ်တော့ပဲ ကိုယ်စားပြု မွန်းတည့်စက်ဝန်းပိုင်းများ ပေါင်းခြင်း၊ နှုတ်ခြင်း အားဖြင့်သာ ဆက်စပ် ဖြေရှင်း သွားနိုင်မည် ဖြစ်ပါသည်။ မြန်မာနက္ခတ်ဗေဒင် တွက်ချက်နည်း တွင် မွန်းတည့်နက္ခတ်တွက်ခြင်း နေမွန်းတည့်ချိန်တွက်ခြင်း စသည်တို့သည် လွန်စွာအရေးပါသော တွက်ချက်နည်းများ ဖြစ်ကြပါသည်။


ayewinkyaw@ymail.com                                                            SMS: 09 459 824 750
26-2-2017                                                                                                         ဆက်ရန်