Monday, March 20, 2017

37. Astrology on the sphere (15)

စက်လုံးပေါ်မှာ ဗေဒင်တွက်မလား (၁၅)

၂၀။ ကောင်းကင်စက်လုံး တြိဂံဖွဲ့စည်းခြင်း


အသုံးချ နက္ခတ္တဗေဒဆိုင်ရာ ကွင်းဆင်းတိုင်းတာရာတွင် မိုးကုတ်စက်ဝိုင်းကို ရည်ညွှန်း၍ ထောင့်မြင့်ကို သီအိုဒိုလိုက် အသုံးပြုခြင်း အားဖြင့်လည်းကောင်း၊ နာရီထောင့်အား တိကျမှုမြင့်မားသည့် နာရီ (Chronometer) ၏ အကူအညီဖြင့် လည်းကောင်း တိုင်းယူလေ့ရှိသည်။ မြိ့ပြအင်ဂျင်နီယာ ဆိုင်ရာ ကားလမ်း၊ ရထားလမ်း စသည်တို့၏ လမ်းအူကြောင်း ၏ လားရာကို ထိမ်းချုပ်ရာ၌ မှတ်တိုင်တစ်ခု၏ အဇ္ဇမတ်အား ရှေးဦးစွာ ရှာဖွေရလေ့ ရှိပါသည်။ တည်နေရာအတွက်ရှာ ယူထားသော လတ္တီတွဒ်မှ လတ္တီတွဒ်၏ထောင့်မှန်ဖြည့်ဖက် (Co-Lat) ဖြစ်သည့် အနား PZ ကို ရရှိခဲ့ပြီးသည့်နောက် တိုင်းတာရ ထောင့်မြင့်မှ ထောင့်မြင့်၏ထောင့်မှန်ဖြည့်ဖက် (Co-Alt) ဖြစ်သော ZS တို့ကို အသုံးပြုလျှက် ဇိနတ်ထောင့် Z  အားတွက်ချက်ရှာဖွေ လေ့ရှိသည်။ တစ်နည်းအားဖြင့် ဝင်ရိုးစွန်၌ ခံဆောင်သော နာရီထောင့်ကို အသုံးပြုတွက်ချက် ခြင်းဖြင့် ပိုမိုတိကျသည့် ရလာဒ်အား ရှာဖွေလေ့ရှိသည်။

အထက်ပါ တွက်ချက်မှုများ၌ တတိယမြောက် အနားဖြစ်သော ဒီကလိုင်နေးရှင်း၏ ထောင့်မှန်ဖြည့်ဖက် (Co-Dec) ဖြစ် သည့် PS ကို မြေတိုင်းလုပ်ငန်းများ အတွက် ထုတ်ဝေသည် ကြယ်အယ်လ်မနက်ဇယား (Star Almanac for Land Surveyors) သို့မဟုတ် ရေကြောင်းလမ်းပြလုပ်ငန်းများ အတွက် ထုတ်ဝေသည် နော်တစ်ကယ် အယ်လ်မနက်ဇယား (Nautical Amanac) တို့မှ အလွယ်အကူ ရရှိနိုင်ပါသည်။ P ၌ခံဆောင်သော နာရီထောင့်ကို တိုင်းတာတွက်ချက်ခဲ့ သော် ရှေ့တွင်ဆက်လက်တင်ပြမည့် အချိန်ဆိုင်ရာ သဘောတရားများကို အခြေပြုတွက်ချက်ရန် ဖြစ်ပါသည်။ နက္ခတ္တ ဗေဒ ဆိုင်ရာ စက်လုံးတြိဂံတွင် S ၌ခံဆောင်သော ထောင့်ကို (Parallactic Angle) ဟုဖေါ်သည်။ ကောင်းကင်ဝတ္တု သည် မွန်းတည့်စက်ဝိုင်းကို ဖြတ်သော အခိုက်အတန့်၌ အဆိုပါထောင့်၏တန်ဖိုး သုညဖြစ်သည်။




စက်လုံးတြိဂံ တစ်ခုဖွဲ့စည်းပုံရာတွင် ကောင်းကင်ဝတ္တုသည် မွန်းတည့်စက်ဝိုင်း၏ အရှေ့ဖက် တက်ဆဲအနေအထား၌ ရှိနေချိန် အနေအထားကို  Fig. Sphere-110 ၌လည်းကောင်း၊ မွန်းတည့်စက်ဝိုင်းအား ဖြတ်သန်းပြီး၍ အနောက်ဖက် သို့ဆင်းသက်ဆဲ အနေအထား၌ ရှိနေချိန်အား Fig. Sphere-111 တွင် လည်းကောင်း အသီးသီး တွေ့မြင်နိုင်ပါသည်။



ayewinkyaw@ymail.com                                                            SMS: 09 459 824 750
20-3-2017 (2017 Vernal Equinox day)                                                               ဆက်ရန်


1 comment:

SAIYWETSENG said...

Dear Sayar U Aye Win Kyaw,

How are you? It's a great pleasure to read your blog. Although I don't know about astrology, I am interested reading about astronomy that you have posted here.

Wish you healthy & happy.

Sai Tun Aye