Thursday, November 16, 2017

60. Horoscope, a Sky Map 16



ကောင်းကင်အမြင် ဇာတာခွင် ၁၆

၂၇။  စတယ်လာရီယံတွင် ဇာတာခွင်တခု ချ၍ကြည့်ခြင်း။


နမူနာဇာတာခွင်အဖြစ် မဟာဝိဇယစေတီ တည်သောမင်္ဂလာအခါ 28 July, 1980 Monday, 10:34 hr ကိုကြည့်ပါမည်။ နေ့စွဲ၊ နှင့် အချိန်တို့ကို ဖြည့်သွင်းပြီး တည်နေရာ စာရင်းမှ အမှတ်စဉ် 149. YGN-MHWZY, Myanmar ကို ရွေးချယ်လျှက် Chart သို့ပြောင်း ၍ကြည့်သော် Fig. Sky-59 တွင် ဖေါ်ပြထားသည့် ဇာတာခွင်ကို တွေ့ရမည်။ ဆက်လက်၍ ကိန်းဂဏန်း ဇယားကွက်များ ဖြင့်ပြသ သည့် ဤဇာတာခွင်ကို စတယ်လာရီယံတွင် မြင်နိုင်သောဂြိုဟ်၊ မမြင်နိုင်သည့်ဂြိုဟ်၊ တက်နေသည့်ဂြိုဟ်၊ ဆင်းနေသောဂြိုဟ်၊ မွန်း တည့်ဆဲဂြိုဟ် စသည်တို့အား ခွဲခြားတွေ့မြင်နိုင်လျှက် ဘာဝဂြိုဟ်နေ အသေးစိတ်တို့ကိုလည်း ကြည့်ရှုသွားမည် ဖြစ်ပါသည်။




မွန်းတည့်စက်ဝိုင်း နှင့်နေသွားလမ်းတို့၏ ဖြတ်မှတ်ဖြစ်သော ၁၀-တန့် ကမ္မဘာ​၀မှ အရှေ့မိုးကုတ်စက်ဝိုင်းတွင် နေသွားလမ်း ထွက်ပြူစမှတ် ဖြစ်သည့် ၁-တန့် ဥဒယလဂ်တို့ အပါအဝင်ဖြစ်သော ကောင်းကင်အရှေ့ဖက်ခြမ်းအား Fig. Sky-60 တွင်တွေ့မြင် နိုင်သည်။ အဝါရောင်စက်ဝိုင်း သင်္ကေတဖြင့် ပြထားသော ၁၀-တန့်မှ ၁-တန့် အကွာအဝေး၏ သုံးပုံတစ်ပုံတွင် ၁၁-တန့် နှင့် သုံးပုံ နှစ်ပုံ၌ ၁၂-တန့်တို့ အားပိုင်းခြား မှတ်သားသည်။ မှတ်သားပြီး အမှတ် ၄-ခုမှာ ဘာဝတို့၏ အလယ်တည့်တည့် ဘာဝမဇ္ဈအမှတ် များဖြစ်ကြသည်။ နီးစပ်သော ဘာဝမဇ္ဈနှစ်ခုစီ၏ ဖျမ်းမျှတန်ဖိုးတို့၌ မျဉ်းစက်တိုများ ထပ်မံမှတ်သားခြင်းဖြင့် ၁၀-၁၁ သန္ဓိ၊ ၁၁-၁၂ သန္ဓိ၊ နှင့် ၁၂-၁ သန္ဓိ ဟုခေါ်တွင်သည့် ဘာဝများ၏ နယ်နိမိတ်တို့ကို ရရှိသည်။ ကိန်းဘာဝများဖြစ်သည့် ၁-တန့်နှင့် ၁၀-တန့်တို့ သည် ၁-ရာသီစီ ကျယ်ဝန်းသောကြောင့် ၁၀-၁၁ သန္ဓိတွင် ၁-ရာသီလျှော့သော် ၉-၁၀ သန္ဓိကိုရ၍ ၁၂-၁ သန္ဓိတွင် ၁-ရာသီတိုးလျှင် ၁-၂ သန္ဓိ အား ရရှိမည်။ ယ္ခုအခါ ဘာဝအသီးသီး၏ အကျယ်အဝန်းကို ဘဲဥပုံတို့ဖြင့် မှတ်သားလျှင် ၁၀-တန့်မဇ္ဈကို ကျော်လွန်ပြီး ဗုဒ္ဓဟူး၊ ၁၁-တန့်မဇ္ဈသို့ ရှေးရှုရွေ့လျားနေသည့် တနင်္ဂနွေ၊ ၁၂-တန့်မဇ္ဈအနီးသို့ ဦးတည်ရောက်ရှိ နေသည့်ကြာသပတေး၊ နှင့် ၁၂-တန့်မှ ထွက်ခွါခါနီး စနေနှင့် လဂ်သို့ အလွန်နီးကပ်စွာ ဦးတည်နေသည့် အင်္ဂါတို့ ကိုတွေ့နိုင်မည် ဖြစ်သည်။

အလားတူ Fig. Sky-61 တွင် ပြထားသည့်အတိုင်း အနောက်မိုးကုတ်စက်ဝိုင်းရှိ ၇-တန့်မှ မွန်းတည့်စက်ဝိုင်းပေါ်ရှိ ၁၀-တန့်တို့ကို ခွဲဝေပိုင်းခြားလျှင် ၇-တန့်၊ ၈-တန့်၊ ၉-တန့် နှင့် ၁၀-တန့် ဘာဝ အပိုင်းအခြားများကို တွေ့မြင်နိုင်မည်။ ဤတွင် သောကြာသည် ၉-တန့်မဇ္ဈကို ကျော်လွန်၍ ၉-၁၀ သန္ဓိသို့ ဆင်းသက်လျှက်ရှိကြောင်း တွေ့နိုင်မည်။ ဘာဝတစ်ခု၏ အစသန္ဓိကို အတိတ်အာရမ္ဘသန္ဓိ ဟုခေါ်၍ အဆုံးသန္ဓိအား အနာဂတ်ဝိရာမသန္ဓိ ဟုခေါ်တွင်သည်။ အတိတ်သန္ဓိကိုကျော်လွန်၍ မဇ္ဈသို့ရှေးရှု တက်ဆဲဂြိုဟ်ကိုအာ  ရောဟဂြိုဟ်ဟုခေါ်၍ မဇ္ဈကိုကျော်လွန်ပြီး အနာဂတ်သန္ဓိသို့ ဆင်းနေသည့်ဂြိုဟ်အား အဝရောဟဂြိုဟ်ဟု ခေါ်သည်။ ဂြိုဟ်တစ် လုံး၏ ဘာဝရပ်တည်မှုအရ အကျိုးပေးမည့် အတိုင်းအတာဖြစ်သည့် ဂြဟဖလ (Residential strength) တန်ဖိုးကို သိရှိထားခြင်း အားဖြင့် ဟောပြောမှုတွင် များစွာအထောက်အကူ ဖြစ်စေနိုင်ပါသည်။ ဇာတာခွင်တွင် တွက်ချက်ပေးထားသည့် ဂြဟဖလတန်ဖိုးတို့ မှာ တနင်္ဂနွေ=53%, တနင်္လာ=87%, အင်္ဂါ=83%, ဗုဒ္ဓဟူး=70%, ကြာသပတေး=90%, သောကြာ=25% နှင့် စနေ=26% အသီးသီး ဖြစ်ရာ ကောင်းကင်မြင်ကွင်း အနေအထားဖြင့် နှိုင်းယှဉ်ကြည့်ရှု နိုင်ပါသည်။



ပြည့်စုံသော ကောင်းကင်မြင်ကွင်းကို တွေ့မြင်နိုင်ရန်အတွက် Fig. Sky-62 တွင် ၇-တန့်မှ ၁၀-တန့်ကိုဖြတ်လျှက် ၁-တန့်အထိ ဒိသျှစက် မြင်ကွင်းနှင့် Fig. Sky-63 ၌ ၁တန့်မှ ၄-တန့်အားဖြတ်၍ ၇-တန့်အထိ အဒိသျှစက် မြင်ကွင်းတို့ကို အသီးသီး ဖေါ်ပြ ထားပါသည်။ ဤအခါဇာတာ ထူးခြားချက်မှာ ပဉ္စတားဂြိုဟ် အားလုံးသည် နေနှင့်တကွ မိုးကုတ်စက်ဝိုင်းအထက် မြင်ကွင်းတွင် တည်ရှိကြလျှက် တနင်္လာဂြိုဟ် တစ်လုံးတည်းသာ ဒိသာဗလအား ကောင်းစွာဖြင့် ၅-တန့် မိုးကုတ်စက်ဝိုင်း အောက်၌တည်ရှိ နေခြင်းဖြစ်ပါသည်။ မင်္ဂလာအခါ ရွေးချယ်ရာတွင် ကောင်းကင်မြင်ကွင်း အရဆန်းစစ်ကြည့်ခြင်း အားဖြင့်ကိန်းဇယားများ၌ မြင်တွေ့ ရန်ခဲယဉ်းသော အနေအထားအချို့အား လွယ်ကူစွာ မြင်တွေ့ရတတ်သည်။ သာမန်အားဖြင့် ကြည့်လျှင် ဤအခါဇာတာသည် နှစ် အားဖြင့်စင်ကြယ်ခြင်း၌ သိဟ်တုံကြွက်ရောက် (ဂုရုပတ္တ) သင့်လျှက်ရှိ၍ ရှောင်သင့်သော အခါဖြစ်သည်။ သို့ရာတွင် မာဃနက္ခတ် မှကျော်လွန်လျှင် အပြစ်မရှိ အခါပေးကောင်းသည် ဟုအဆိုရှိခြင်းကြောင့် ဆန်းစစ်ကြည့်ရှုရာတွင် ကြာသပတေးသည် မာဃန က္ခတ် (Regulus) အားကျော်လွန် ရောက်ရှိတည်နေဆဲ ဖြစ်သဖြင့် အပြစ်ကင်းသည်ဟု ဆိုနိုင်ပါသည်။


Telegram userID: AWKyaw                                                SMS: 09 459 824 750
16-11-2017                                                                                                 
ဆက်ရန်



No comments: