Sunday, August 6, 2017

52. Horoscope, a Sky Map 8



ကောင်းကင်အမြင် ဇာတာခွင် ၈

၁၇။ စတယ်လာရီယံတွင် တည်နေရာ ဆက်တင်ပြုလုပ်ခြင်း။

ဆော့ဖ်ဝဲကိုထည့်သွင်းပြီး သောအခါ ရှေးဦးစွာ အသုံးပြုရန် လိုအပ်သော တည်နေရာ ရွေးချယ်ခြင်း၊ လက်ရှိစာရင်းတွင် ပါ​ဝင် ခြင်း မရှိသေးလျှင် ဖြည့်စွက်ထည့်သွင်းခြင်း၊ အစရှိသည်ကို လုပ်ဆောင်ရပါမည်။ အဆိုပါ နေရာကို နောက်တစ်ကြိမ် ဖွင့် သည့် အခါတိုင်း  အသုံးပြုရန် ဆက်တင် (setting) ပြုလုပ် ရပါမည်။ ဤတွင် ဗာရှင် 0.12.3 ကိုထည့်သွင်းပြီး ပေါ်လာသည့် ကောင်း ကင်မြင်ကွင်းအား Fig. Sky-29 ၌ပြထားပါသည်။ ကွန်ပျူတာ စံနစ်အရ မြန်မာစံတော်ချိန် 18:49:51သည် နေဝင်ပြီးစ အချိန်အခါ  ဖြစ်သော်လည်း ဤတွင် နေ့လည်ခင်းအချိန်၏  မြင်ကွင်းကဲ့သို့ တွေ့နေရသည်။ အကြောင်းရင်းမှာ စတယ်လာရီယံကို ဦးဆောင်ပြုစုခဲ့သူ ပြင်သစ်နိုင် ငံမှ ဖေဘီယံ ရှေရိုး (Fabien Chereau) နှင့်အဖွဲ့သည် ဆော့ဖ်ဝဲ၏ ရှေ့ဦးမြင်ကွင်းနှင့် မျက်နှာစာ မြေပြင်ရှုခင်းအဖြစ် ပါရီမြို့၏အ ထက် ကောင်းကင်မြင်ကွင်းဖြင့် စတင်ရန် ထည့်သွင်းခဲ့ကြ ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ နက္ခတ် ကြည့် ရှုလိုသော မြို့တမြို့၏ တည်နေရာကို ပြောင်းလဲရွေးချယ်ရန်၊ စာရင်းတွင် မရှိသေးလျှင် ဖြည့်ရန် မတ်ရပ်မီနျူးမှ အထက်  ထိပ်ဆုံးအိုင်ကွန်ကို ကလစ်လုပ် ပါ။ တနည်းအားဖြင့် ဖြတ်လမ်းနည်းအရ F6 အားနှိပ်ပါ။





မူလဆက်တင်အရ ပါရီ၏ တည်နေရာ လတ္တီတွဒ်၊ လောင်ဂျီတွဒ် တန်ဖိုးများကို ထိုအခိုက်အတန့်ရှိ ကောင်းကင်မြင်ကွင်း နောက်ခံ ထားလျှက် ပေါ်လာသည်ကို Fig. Sky-30 တွင် တွေ့နိုင်ပါသည်။ အထူးမှတ်သား ဖွယ်ရာမှာ ပါရီသည် ကမ္ဘာ့စံတော်ချိန် +1hour ဇုံ တွင် တည်ရှိသော်လည်း ယ္ခုအခါ နွေရာသီ စံတော်ချိန် (Paris summer time-DST) အသုံးပြုချိန် ဖြစ်သောကြောင့် +2hour အနေ  ဖြင့် ယူရပါမည်။ ထို့ကြောင့် ပါရီရှိ စံတော်ချိန်သည် မြန်မာစံတော်ချိန်မှ 6.5hour နှုတ်၍ ဂရင်းနစ် စံတော်ချိန် သို့ပြောင်းပြီး၊ ထိုမှ  တဖန် 2hour ပေါင်းထည့်ခြင်းဖြင့် 14:19:51 ရသည်။ ပါရီတွင် မွန်းလွဲချိန်ဖြစ်၍ နက္ခတ်တာရာတို့ကို မြင်နိုင်ခြင်း မရှိသဖြင့်ကမ္ဘာ့  လေထု (atmosphere) ၏ဖုံးလွှမ်းမှု ကိုဖယ်ရှားရန် ဖြတ်လမ်းနည်းအရ A ကိုနှိပ်သော် Fig. Sky-31 တွင်ပြထား သကဲ့သို့ အလင်း ဆုံးကြယ် Sirius ကို တောင်ဖက်ကောင်းကင်၌  မြင်တွေ့နိုင်မည်။ A ကို ပြန်နှိပ်ခြင်းဖြင့် မူလဆက်တင်သို့ ပြန်ထားပါ။

တည်နေရာ ရွေးချယ်ရန် စာရင်းတွင် Yangon, Myanmar ကို တွေ့နိုင်သောကြောင့် ရွေးချယ်လျှက် အောက်ခြေလက်ဝဲထောင့်တွင် ရှိသော Use as default အမှတ်ကို ကလစ်လုပ်သော် Fig. Sky-32 တွင်ပြထားသကဲ့သို့ ရန်ကုန်မြို့၏ ညနေဆည်းဆာချိန်  ကောင်းကင်မြင်ကွင်း ကိုတွေ့ရမည် ဖြစ်သည်။
 




Telegram userID: AWKyaw                                           SMS: 09 459 824 750
6-8-2017                                                                                       
ဆက်ရန်


No comments: