Tuesday, June 12, 2018

80. Myanmar Astronomy (5)


မြန်မာနက္ခတ္တဗေဒ  ()
                       
မြန်မာဗေဒင်ဆိုင်ရာ နေချိန်စံနစ်။ (အဆက်)

အထက်တွင် ဖေါ်ပြခဲ့သော EoT ၏ ခန့်မှန်းခြေ တန်ဖိုးထက် ပို၍တိကျသော တန်ဖိုးကို အလိုရှိလျှင် အဆိုပါ ညီမျှခြင်းကို ဖေါ်ပြခဲ့ သည့် http://mb-soft.com/public3/equatime.html ဆိုက်တွင် ပေးထားသော အောက်ပါတွက်နည်း ပုံစံတွင် ဖြည့်သွင်း တွက်ယူနိုင်သည်။ 2018-June, 12 အတွက် EoT တန်ဖိုးနှင့်တကွ ဤနှစ်တွင် မဟာဝိသုဝ (Vernal Equinox) ဥတ္တရယာဉ်စွန်း (Summer Solstice) ဇလဝိသုဝ (Autumnal Equinox) ဒက္ခိဏယာဉ်စွန်း (Winter Solstice) များသို့ နေရောက်ရှိချိန် အသီးသီးကို Fig. AstroTime-10 ၌ ပြထားည့် အတိုင်းတွေ့ နိုင်သည်။ ဝိသုဝနှင့် ယာဉ်စွန်းမှတ်များသို့ နေရောက်ရှိသော ရက်စွဲများသည် သမ ပိုင်းဇုံ၏ နွေဦး (Spring) နွေ (Summer) ဆောင်းဦး (Autumn) နှင့် ဆောင်း (Winter) -ရာသီတို့ စတင်ချိန်ဖြစ်သည်။ UT တန်ဖိုး များတွင် 06:30 ပေါင်းခြင်းအားဖြင့် မြန်မာ စံတော်ချိန်သို့ ပြောင်းလျှင် 2018 Mar, 20 22:47:06 တွင် မဟာဝိသုဝ -မဇ္စျေဝီထိ အ မှတ်ပေါ်သို့  2018 Jun, 21 16:39:05 ၌ ဥတ္တရယာဉ်စွန်းတန်း-အန္တောဝီထိ ပေါ်သို့ 2018 Sep, 23 08:26:08 တွင် ဇလဝိသုဝ-မ ဇ္စျေဝီထိ အမှတ် ပေါ်သို့ 2018 Dec, 22 04:54:22 ၌ ဒက္ခိဏ ယာဉ်စွန်း-ဗာဟီရဝီထိ ပေါ်သို့ အသီးသီး ရောက်ရှိကြောင်း သိနိုင် သည်။ ထိုမှ ဥတ္တရယာဉ် သွားချိန် 2017 Dec, 22  မှ 2018 Jun, 21  2018 Jun, 21 ထိ နှင့် ဒက္ခိဏယာဉ် သွားချိန် 2018 Jun, 21 မှ 2018 Dec, 22  ထိ ဖြစ်ကြောင်း ကို လည်းသိနိုင်သည်။ 


၎။ နေ့တာ-ညဥ့်တာ ပြောင်းလဲမှုများ။

မြန်မာနာရီ တွက်ချက်ရာတွင် အထက်ဖေါ်ပြပါ ဝီထိသုံးပါး တို့တွင် နေ့တာ ညဥ့်တာ အပြောင်းအလဲတို့ကို Fig. AstroTime-11 ၌ ပြထားသည့် အတိုင်းသိရှိနိုင်သည်။ မဟာဝိသုဝ-မဇ္စျေဝီထိ သို့နေရောက်လျှင် နေ့တာနှင့်ညဥ့်တာ ညီမျှသည်။ ထိုမှမြောက်ဖက် ဥတ္တရယာဉ်စွန်းသို့ သွားစဉ်နေ့တာ ရှည်သထက် ပိုရှည်လာ၍ ယာဉ်စွန်းပေါ်၌ နေ့တာအရှည်ဆုံးနှင့် ညဥ့်တာအတိုဆုံး ဖြစ်သည်။ ဒက္ခိဏယာဉ် ပြန်ရာ၌ ဇလဝိသုဝသို့ ရောက်လျှင် နေ့တာနှင့်ညဥ့်တာတို့တူညီကြပြန်သည်။ နေသည် တောင်ဖက်သို့ဆက်လက် ထွက်ခွာရာ၌ နေ့တာတိုသထက် ပိုတိုလာလျှက် ဒက္ခိဏယာဉ်စွန်းတွင် နေ့တာအတိုဆုံးနှင့် ညဥ့်တာအရှည် ဆုံး ဖြစ်သည်။ ထိုမှ ဥ တ္တရယာဉ် ပြန်ရာတွင် နေ့တာနှင့်ညဥ့်တာ တူညီမည့် မဇ္စျေဝီထိသို့ ရှေးရှုပြန်သည်။

မြန်မာနာရီ တွက်ချက်ရာတွင် နေ့တာ (Duirnal arc) နှင့် ညဥ့်တာ (Nocturnal arc) တို့တွက်ချက်ခြင်းသည် အရေးအကြီးဆုံး ဖြစ်သည်။ နေ့တာသည် ဒေသဆိုင်ရာ လတ္တီတွဒ်နှင့် ရောက်ဆဲ နေ၏ကြန္တီတန်ဖိုးတို့ အပေါ်မူတည်တွက်ချက် ရသည်။ ၂၄-နာ ရီမှ နေ့တာတန်ဖိုးကို နှုတ်ခြင်းဖြင့် ညဥ့်တာ ကိုရသည်။ နေ့တာ၏ ထက်ဝက်ကို ဒိနဒ္ဓ (Semi Duirnal Arc) နှင့် ညဥ့်တာ၏ ထက်ဝက် အား နိသဒ္ဓ (Semi Nocturnal Arc) ဟူ၍ ခေါ်တွင်သည်။ Fig. AstroTime-12 တွင် ဝိသုဝမှတ်သို့ နေရောက်စဉ် ဒိနဒ္ဓ နှင့် နိသဒ္ဓ တို့ ၏ဆက်စပ်မှုကို ပြထားသည်။



၅။ နေ့တာ-ညဥ့်တာ တွက်ခြင်း။။

နေ့တာ-ညဥ့်တာ ကိုမြန်မာ သူရိယသိဒ္ဓန္တနည်း၊ သံဒိဌနည်း အစရှိသည်တို့ဖြင့် တွက်ယူနိုင်သော်လည်း ရှင်းပြရန် အတော်အတန် အချိန်ယူရမည် ဖြစ်သည်။ ထို့ကြောင့် တိကျ မြန်ဆန်မှုရှိသော တွက်နည်းအဖြစ် NOAA_Solar_Calculations_day.xls ကိုဖေါ်ပြပါ ဝက်ဘ်စာမျက်နှာမှ ရယူ၍ ပြန်လည် စီစဉ်လျှက် မဇ္စျေဝီထိ၊ အန္တောဝီထိ နှင့် ဗာဟီရဝီထိ တို့ရှိ နေ့တာ-ညဥ့်တာ တန်ဖိုးများအား Fig. AstroTime-13 ၌ တွက်ချက်ပြ ထားပါသည်။



Messenger: Aye Win Kyaw                                                                                  SMS: 09 459 824 750
12-06-2018                                                                                                                          
ဆက်ရန်  
Updated on 14-06-2018
 


No comments: