Tuesday, February 23, 2016

5. Horoscopy using Excel (3)

 ဗေဒင်ကို အိက်ဆဲလ်နဲ့ တွက်မလား (၃)

၎။ အချက်အလက်များ ထည့်သွင်း တွက်ချက်ခြင်း


ဖိုင်အသစ် တစ်ခုခုကိုဖွင့်ပြီး အောက်ပါ အချက်အလက်များအား ရိုက်သွင်း၍ တွက်ချက်မှု ကိုစတင်နိုင်ပါ သည်။ ရှေးဦးစွာ ရက်စွဲတစ်ခုကို အိက်ဆဲလ်တွင် အတိုကောက်အားဖြင့် မည်သို့ဖေါ်ပြနိုင်သည်ကို ကြည့် ရှုရန်အတွက် ပုံ-၈။ တွင်ပြထားသကဲ့သို့ A1, B1, C1 ဆဲလ်တို့၌ ထည့်သွင်းမည့် အချက်အလက်၏ ခေါင်း စီးအဖြစ် နှစ်၊ လ နှင့် ရက် တို့ ကိုရိုက်ထည့်၍ အစိမ်းရောင်နောက်ခံချယ်ထားသည်။ ဤတွင် ဇော်ဂျီဝမ်း (Zawgyi-One) မြန်မာဖွန့်ကို အသုံးပြုထားပါသည်။ မြန်မာစာကို မရိုက်မီ လိုသောဆဲလ်/ဆဲလ်နယ် ကိုဇော်ဂျီဖွန့်သုံးမည်ဖြစ်ကြောင်း ကြိုတင်ရွေးချယ် ကြေငြာထားရှိရန် လိုပါသည်။ D1 တွင်ရလာဒ်၏ခေါင်း စီး အဖြစ် ရက်စွဲ ကိုရိုက်ထည့်၍ (အပြာရောင်)နောက်ခံ ချယ်ထားသည်။ တွက်လိုသော အချက်အလက် အဖြစ် A2 တွင် 2013 ကို၎င်း၊ B2 တွင် 10 နှင့် C2 တွင် 1 တို့ကို၎င်း၊ ရိုက်ထည့်ပါ။ ရိုး 2  မှအချက်အလက် သုံးခု A2, B2, C2 ကိုရွေးချယ်ပြီး ယာဖက်အောက်ထောင့်ရှိ လက်ကိုင်ကြက်ခြေ (Handle) ကို ရိုး 3 နှင့် 4 တို့ကိုဖုံးလွှမ်း သွားအောင် ဖိဆွဲချခြင်း  အားဖြင့် တူညီသော အချက်အလက်ကို ရိုး 3 နှင့် 4 သို့ကူးယူနိုင် သည်။ ဤတွင် လိုအပ်သောအချက်အလက်တို့ကို ရိုက်သွင်းခြင်း (Data entry) အလုပ်ပြီးဆုံးသည်။

သုံးစွဲ ထားသော ပုံသေနည်းများကို ကြည့်လိုသော  အခါတွင် CTRL+ ~ကိုနှိပ်၍ ကြည့်ရှုနိုင်သည်။ ပုံသေနည်းများ ကြည့်ခြင်း ပြီးဆုံးလျှင် CTRL+ ~ ကိုတကြိမ်ထပ်မံနှိပ်ခြင်းဖြင့် မူရင်းမြင်ကွင်းသို့ ပြန် လည်ရောက်ရှိနိုင်သည်။ နှစ်၊ လ၊ ရက် မှ ရက်စွဲ သို့ပြောင်းသော တွက်ချက်မှုကို လုပ်ဆောင်ရန်အတွက် ဆဲလ် D2 ကိုရွေး ချယ်၍ ပုံသေနည်း ဘား၏ ဝဲဖက်ရှိ ပုံသေနည်းခေါ်ရန် fx - INSERT FUNCTION ကိုနှိပ် ပြီး  ပုံ-၉။ ပြ ထားသည့်အ တိုင်း DATE ဖန် ရှင်အား ရွေးချယ်လျှက် လိုအပ်သော အချက်အလက်များ ရှိနေသည့် ဆဲလ် A2, B2, C2 တို့ကိုတစ်ခုချင်းခေါ်ယူ၍ ချိတ်ဆက်ပေးရန် ဖြစ်သည်။ ဤတွင် = ဖြင့် စတင်သော ပုံသေနည်း =DATE(A2,B2,C2) ကိုသုံးထားခြင်း ဖြစ်သည်။ D2 တွင်ရေးသားပြီး ပုံသေ နည်းကို ရွေးချယ်ထားလျှက် လက်ကိုင်ကြက်ခြေ မှကိုင်ပြီး ရိုး 3 နှင့် 4 တို့ကိုဖုံးလွှမ်းသွား အောင် ဖိဆွဲ ချခြင်းဖြင့် D3 နှင့် D4 သို့တူ ညီသော  ပုံသေနည်းကို ရရှိစေရန် ကူးယူခြင်းဖြစ်သည်။ ဤတွင် D3 ၌်ပုံသေ နည်း =DATE(A3,B3,C3) နှင့် D4 တွင်ပုံသေနည်း =DATE(A4,B4,C4) တို့ကို ကူးယူပြီးစီး ကြောင်းတွေ့ ရပါမည်။  



ပုံသေနည်း ကိုအထက်ပါအတိုင်း ဆက်လျှက် တည်ရှိသော ဆဲလ်များသို့ ဖိဆွဲချ သည့်နည်းဖြင့် ကူးယူနိုင် သကဲ့သို့ ပုံ-၉။ တွင်ပြထားသည့် အတိုင်း ပုံသေနည်းရှိသော ဆဲလ်/ဆဲလ်နယ် ကိုရွေးပြီး ယာကလစ်နှိပ် ၍ ပေါ်လာသော ပေါ့ပ်အပ်မီနျူးမှ Copy ဖြင့်ကူးယူနိုင်ပါသည်။ နေရာချလိုသော ဆဲလ်/ဆဲလ်နယ်အား ပုံ-၁ဝ။ တွင်ပြထားသည့်တဖန် ရွေးချယ်ပြီးယာက လစ်နှိပ်၍ ပေါ်လာ သည့် ပေါ့ပ်အပ် မီနျူးမှ Paste Special… Formulas ဖြင့်ရည်မှန်းသည့် ဆဲလ်တွင် ပုံသေနည်းကို ကပ်ခြင်း အားဖြင့်လည်း ရယူနိုင်သည်။ ဤသို့ကူးယူ သည့်အခါတွင် ရည်ညွှန်းသော ဆဲလ်လိပ်စာများမှာ နှိုင်းရ အနေအထား ဖြင့် လိုက်လျှော ညီထွေ ရှိရန် အိက်ဆဲလ်မှ အလိုအလျှောက် သတ်မှတ်သွားမည် ဖြစ်သည်။



တဖန် ရက်စွဲကို အသုံးများသော ဖေါမက် သုံးမျိုးဖြင့် ပြရန် ပုံ-၁၁။ ၏ယာဖက်၌ ပြထားသကဲ့သို့ CTRL+SHIFT+F ကိုနှိပ်၍ ဖေါမက် ဒိုင်ယာလော့ ကိုခေါ်ယူလျှက် D2 ရှိရလာဒ်ကို ဒဿမ ၄-နေရာရှိ Number ဖေါမက် အဖြစ်၎င်း၊ D3 ရှိရလာဒ်ကို Date အောက်၌ရှိသော *14/3/2001 ဖေါမက် အဖြစ်၎င်း၊ D4 ရှိရလာဒ်ကို Date 14 March, 2001 ဖေါမက် အဖြစ်၎င်း၊ အသီးသီး သတ်မှတ်ပေး နိုင်သည်။ အိက် ဆဲလ်သည် တွက်ချက်မှုများကို လွယ်ကူစွာ လုပ်ဆောင် နိုင်ရန်အတွက် ပထမဆုံးရွေးခဲ့သော Number
ဖေါမက်ဖြစ်သည့် ရက်အမှတ်စဉ်အဖြစ် ရက်စွဲများကို အစဉ်အမြဲ သိမ်းဆည်းလေ့ရှိသည်။ ရက်အမှတ်စဉ် သည် January 1, 1900 နေ့၏အစ နံနက် 0-နာရီအား 1 ဟုမှတ်ယူ၍ နောက်ရက်စွဲများ ကျရောက်သည် အထိ ရေတွက်သွားသောစံနစ်တစ်ခု ဖြစ်သည်။ ဗေဒင်တွက်ချက်မှုများတွင်သမရိုးကျ  ရောက်ရှိဆဲ အသက် အပိုင်းအခြားကိုအသုံးပြုခြင်းထက် နေ့စွဲတို့ကို အသုံးပြုခြင်းက ပို၍ထင်သာမြင်သာ ရှိကြောင်းတွေ့ရ မည် ဖြစ်သည်။
AyeWinKyaw Blogpost 05.pdf

ဆက်ရန် 

No comments: