Thursday, April 12, 2018

66. Astrology on the sphere (18)


စက်လုံးပေါ်မှာ ဗေဒင်တွက်မလား (၁၈)

၂၃။ နက္ခတ် မွန်းတည့်ချိန် နှင့် စန်းယှဉ်ချိန် တွက်ခြင်း။


အထက်ကောင်းကင် ထိပ်တည့်တည့်ရှိ နေ၊ လ၊ ကြယ်နက္ခတ် တစ်လုံးလုံးမှ လာသော အလင်းတန်းသည် သိပ္ပံပညာ သဘော အရ အလင်းယိုင်ခြင်းမရှိပဲ ကမ္ဘာပေါ်မှ ကြည့်သူတဦး ရှိရာသို့ တည့်မတ်ဖြောင့်တန်းစွာ ရိုက်ခတ်သည့် သဘော ရှိပါသည်။ အဆိုပါ အလင်းတန်းသည် ကောင်းကင်၏ အခြားသော နေရာမှ လာသော အလင်းတန်းထက် ပိုမိုထင်ရှားသည့် စွမ်းအင် ကို ဖြစ်စေသည် ဟုယူဆလျှက် အထူးအာရုံစိုက် ဘွယ်ရာဖြစ်ပါသည်။ ထိပ်တည့်တည့်မှ မဟုတ်သော်လည်း မွန်းတည့်မျဉ်း ပေါ်သို့ဖြတ်ကျော်ဆဲဝတ္တု တခုသည် တက်ရာမှ အဆင်းသို့ ပြောင်းဆဲဖြစ်သဖြင့် ရေပြင်ညီသဘော ရွေ့နေခိုက်ဖြစ်သည်။ ထို့ကြောင့် ထူးခြားသော စွမ်းအားဖြင့် ပြည့်စုံသည်ဟု ယူဆသူများလည်း ရှိပါသည်။

မြန်မာ့ရိုးရာ ဂမ္ဘီရပညာ လိုက်စားသူတို့အတွက် စန်းယှဉ်နက္ခတ် တွက်ချက်အသုံးပြုခြင်း သည်လည်း အလွန်အရေးကြီးသော ကဏ္ဍတစ်ရပ် အနေဖြင့် ပါဝင်လျှက် ရှိပါသည်။ တင်ပြီးခဲ့သော ပို့စ်-၆၄ ၏ TitNakYogKar 2018-20.xlsx တွင်လည်း 13d20’ စီ အညီအမျှ ပိုင်းခြားသော နက္ခတ်တို့၏ စန်းယှဉ်ချိန် တို့ကိုတွက်ချက် တင်ပြခဲ့ပါသည်။ သို့ရာတွင် တွက်လိုသောနေ့-နက္ခတ် ယနေ့-နက္ခတ် တို့အဖြစ် (၁)ရက်ချင်းသာ ဖေါ်ပြခဲ့သည် ဖြစ်ရာ အချိန်အတော်အတန် ရှည်လျှားသော ကာလအတွက် ချုံငုံ၍ တင်ပြမှ ပိုမိုထိရောက်မည်ဟု ယူဆမိပါသည်။ စန်းယှဉ်နက္ခတ်ကို သံဒိဋ္ဌဂြိုဟ်သွား၊ လဟီးရီး၏ အိန္ဒိယ ဂြိုဟ်သွား ပြက္ခဒိန်၊ စ သည်တို့မှ ရယူနိုင်ကြပါသည်။

သူရိယ သိဒ္ဓန္တ သံဒိဋ္ဌ အစရှိသော တွက်ရိုးကျမ်းများနှင့် တကွရှေးမြန်မာ နက္ခတ္တဗေဒ ပညာရှင်တို့သည် မွန်းတည့်နှင့် စန်းယှဉ် နက္ခတ် နှစ်မျိုးစလုံးကို မျက်မြင်ဖြင့် ကိုက်ညီသော ပဓာနကြယ်များ အားဖြင့်ပိုမိုတိကျစွာ တွက်ယူသုံးစွဲ လေ့ရှိကြောင်းတွေ့မြင် နိုင်ကြပါသည်။ တောင်တွင်းကြီးဆရာတော် ခင်ကြီးပျော်၏ အင်္ဂဝိဇ္ဇာဋီ ကာကြီး တတိယတွဲ အဋ္ဌမကဏ္ဍတွင်လည်း ရှစ်ပဟိုရ် မွန်းတည့်နက္ခတ် တို့ကို အသေးစိတ် ဖေါ်ပြထား သည်ကိုတွေ့နိုင်ပါသည်။ မျက်မြင်အားဖြင့် ရာသီအလိုက် ပဟိုရ်နာရီတိုင်း တွင် မည်သည့်နက္ခတ် မွန်းတည့်မည်ကို ပြဆိုထားခြင်း ဖြစ်သည်။ အဆို ပါ မွန်းတည့်နက္ခတ်များကို အသုံးပြုရန်မှာ မြန်မာနာရီ စံနစ်ကို နားလည်ရန် လိုအပ်ပါသည်။ သို့ရာတွင် ဤပို့စ်များ၏ အဓိကရည်ရွယ်ချက် တစ်ရပ်ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ အ ချိန်ပိုင်းဇုံ တန်ဖိုးကို ထည့်သွင်းခြင်းဖြင့် သက်ဆိုင်ရာမိမိတို့ ဒေသစံတော်ချိန်အား ဖြင့်ရယူသုံးစွဲနိုင်ရန်စီစဉ်ထားရှိမည်ဖြစ်သည်။

သူရိယ သိဒ္ဓန္တကျမ်း အခန်း (၈) ဘဂြဟယုတိပိုင်း နက္ခတ်များ အကြောင်းတွင် Fig. Sphere-121 တွင် ပြထားသည့်အတိုင်း န က္ခတ် ၂၇-လုံးတို့၏ နက္ခတ်စီး များအကြောင်းကို အသေးစိတ် ဖေါ်ပြထားပါသည်။ ညောင်ကန်မူ သူရိယ သိဒ္ဓန္တကျမ်းကြီးတွင် အဆိုပါ နက္ခတ် ၂၇-လုံးတို့၏ မြန်မာနာရီဖြင့် မွန်းတည့်ချိန် တွက်နည်းအား ဖေါ်ပြထားသည်ကို တွေ့နိုင်ပါသည်။ မြန်မာတွက် နည်းစံနစ်များကို ရှင်းလင်းဖေါ်ပြရန်မှာ အချိန်အတော်အတန် ယူရန်လိုအပ်သည်။ ကျမ်းကိုးစာရင်းပါ (4) တွင် ဖေါ်ပြပါရှိ  သော နက္ခတ်ကားချပ် အရ နက္ခတ်စီး ဟူသောတန်ဖိုးသည် မဇ္စျေဝိထိ တလျှောက်တိုင်းတာ သော်လည်း မဟာဝိသုဝအမှတ်မှ နိရာယန ရာသီစက်အစနှင့် တစ်တန်းတည်းရှိသည့် နက္ခတ်စက်၏ အစမှ တိုင်းတာကြောင်း တွေ့နိုင်ပါသည်။

မြန်မာနက္ခတ် ပဓာနကြယ် တစ်လုံး၏ ပိုင်နက်ကို ပြီးခဲ့သော နက္ခတ်ကိုယ်စားပြုကြယ်မှ ရောက်ဆဲနက္ခတ်၏ တန်ဖိုးအထိ ရေ တွက်ကြောင်း တွေ့နိုင်ပါသည်။ ဥပမာ ရေဝတီနက္ခတ်သည် အံသာစီး 350d ရှိ၍ အဿဝဏီနက္ခတ် အံသာစီးမှာ 8d ဖြစ်ရာ အန္တရ အံသာကို 18d ဟု တွက်ယူထား ကြောင်း တွေ့နိုင်သည်။ ဤဇယားတွင် ဖေါ်ပြထားသော တန်ဖိုးတို့မှာ အနီးစပ်ဆုံး ဒီဂရီ အထိသာ ဖေါ်ပြထားပါသည်။ မွန်းတည့်နက္ခတ် တွက်ယူနည်း (6) တွင်လည်း နိရာယန ရာသီစက်တစ်လျှောက် တိုင်းတာသော မွန်းတည့် ရဝိဖုဋ အံသာပုံကို ထည့်သွင်းတွက်ချက် ထားခြင်းကြောင့် တိကျသော နက္ခတ်မွန်းတည့်ချိန်ကို ရှာရာတွင်အသေးစိတ်  လေ့လာဆန်းစစ်ရန် လိုအပ်နေ ပါသည်။ ထို့ကြောင့် ခေတ်သုံး ပဓာနကြယ်တန်ဖိုး ကိုအခြေပြု၍ ကြယ်ချိန်သုံးပြီး မွန်းတည့်ချိန် ရှာနည်းအားဖြင့် ဆက်လက်တင်ပြ သွားပါမည်။



စံတော်ချိန်-စက်နာရီအားဖြင့် ပဓာနကြယ် မွန်းတည့်ချိန်ကို တိကျစွာတွက်ယူရာတွင် Fig. Sphere-122 နှင့် Fig. Sphere-123 တွင် ပြထားသည့် လာဟီးရီး၏ ၄-နှစ်စာ 2015, 2016, 2017, 2018 ဂြိုဟ်သွား ပြက္ခဒိန်မှ ကြယ်တန်ဖိုးများအား အသုံးပြု၍ တွက်ယူနိုင်ပုံကို တင်ပြသွားပါမည်။ အမှန်အားဖြင့် 2018 အတွက် ပေးထားသော တန်ဖိုးများဖြင့် တွက်ယူသွားမည် ဖြစ်သော် လည်း ၄-နှစ်အတွင် ကြယ်အနေအထားတို့ ပြောင်းလဲပုံကို လေ့လာနိုင်ရန်နှင့် ယ္ခုနှစ်တွင် ဥတြာဘဒြပိုဒ် (U.Bhadrapada) ကို Gamma Pegasi ဖြစ်ရမည့်အစား (Alpha Andromedae) အဖြစ် လွဲမှားစွာ ပေးထားသည် ကိုနှိုင်းယှဉ် လေ့လာနိုင်ရန် ရည်ရွယ် ရင်းဖြစ်ပါသည်။

မူလဇယားများတွင် ဓူဝံကြယ် (Polaris-Ursae minoris) ကဲ့သို့ အခြားစိတ်ဝင်စားဘွယ်ရာ ကြယ်များစွာလည်း ပါဝင်နေ ကြပါ သည်။ ထို့ကြောင့်  Fig. Sphere-124 ရှိ 2018 အတွက် ဇယားတွင် နက္ခတ် ၂၇-လုံးနှင့် အဘိဇိ တို့၏ နိရာယန လောင်ဂျီတွဒ်၊ လတ္တီတွဒ်၊ တက်ထောင့် မှန်နှင့် ကြန္တီ တန်ဖိုး တို့ကိုသာ ပရိုဂရမ်ရေးဆွဲရန် အတွက်သီးခြား ကူးယူဖေါ်ပြ ထားပါသည်။ မူလပေး ထားသော စာရင်းတွင်ပါဝင်သော ကြယ်များသည် နက္ခတ်ဗေဒင် ဝါသနာရှင်တို့အတွက် ကောင်းကင်အမြင်ကြည့် ရာ တွင်လည်းကောင်း၊ နက္ခတ်တာရာ ကြည့် ဆော့ဖ်ဝဲကို လေ့လာသုံးစွဲ ရာတွင်လည်းကောင်း ပြည့်စုံသော နက္ခတ်-တာရာ အနေအထား တန်ဖိုးများ ဖြစ်ပါသည်။ တက်ထောင့် မှန် (Right Ascension) နှင့် ကြန္တီ (  Declination) တန်ဖိုးများကို မွန်တည့်ချိန်နှင့်အမြင့်တို့တွက်ယူရာတွင် လည်းကောင်း၊ နိရာယန လောင်ဂျီတွဒ် (Nirayana Longitude) နှင့်  လတ္တီတွဒ် (Latitude) တန်ဖိုးတို့ကို စန်းယှဉ်နက္ခတ် တွက်ချက်ရာတွင် လည်းကောင်း၊ အသီးသီး အသုံးပြု တွက်ချက်သွားမည် ဖြစ်ပါသည်။





ကျမ်းကိုးစာရင်း။

(1) ညောင်ကန်မူ သူရိယ သိဒ္ဓန္တကျမ်းကြီး- ဆရာကြီးဦးကျော်ငြိမ်း
(2) E. BURGESS SURIYA-SIDDHANTA ဒေါက်တာကံညွန့် မြန်မာပြန်ဆိုသည်။
(3)LAHIRI’S INDIAN EPHEMERIS For 2018
(4) ကောင်းကင်နက္ခတ် အလင်းပြကျမ်း-ဆရာတော် ဦးတေဇနိယ
(5) အာကာသဓာတု ဇောတိသတ္တ ပကာသနီကျမ်း-ဘဒန္တ နာဂိန္ဒာစာရ
(6) ကန်ဦး သံဒိဋ္ဌ စကားပြေကျမ်းသစ်- ဆရာကြီးဦးကျော်ငြိမ်း



Messenger: Aye Win Kyaw                                                                      SMS: 09 459 824 750
12-4-2018                                                                                                   
ဆက်ရန်

No comments: